နေပြည်တော် စက်တင်ဘာလ ၂၂ ရက် အခမ်းအနားတွင်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နှီးနွယ်ဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေး (Oral Cholera Vaccine) တိုက်ကျွေးခြင်းလုပ်ငန်းသည် အခြားရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အတူ ထိရောက်သော ရောဂါ ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းတစ်ရပ် ဖြစ်ပါသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှတဆင့် International Coordinating Group ထံအဆိုပြုလွှာတင်သွင်းခဲ့ရာ အမေရိကန်ဒေါ်လာ (၄) သန်းကျော်တန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine) (၂,၄၅၁,၈၆၇) doses အား (၁၉-၉-၂၀၂၄) ရက်နေ့တွင် လက်ခံ ရရှိပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသော မြို့နယ် (၃၅) မြို့နယ်မှ ရောဂါဖြစ်ပွားနိုင်ချေရှိသော နေရာများတွင် နေထိုင်လျက်ရှိသည့် အသက် (၁) နှစ်အထက် ပြည်သူလူထုအား တိုက်ကျွေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်ချေရှိသည့် အခြား တိုင်းဒေသကြီးပြည်နယ်များရှိ ပြည်သူလူထုအားတိုက်ကျွေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုရန်ကုန်တိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို သတ်မှတ်ရက်များအတွင်း စနစ်တကျအောင်မြင်အောင်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းကာအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့်နည်းတူ တစ်ဖက်တွင် လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အရေးပါသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး Oral Cholera Vaccine (OCV) တိုက်ကျွေး နိုင်ရေးအတွက် ယခုကဲ့သို့ အချိန်တိုအတွင်း ကာကွယ်ဆေးများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊ ကာကွယ်ဆေးများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ (၂၂-၉-၂၀၂၄) ရက်နေ့မှ စတင်၍ (၃-၁၀-၂၀၂၄)ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ပြီး ဦးတည်အုပ်စုများအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအမြင့်ဆုံး ဖြစ်ပွားခဲ့သော မြို့နယ် (၃၅) မြို့နယ်ရှိ ရောဂါဖြစ်ပွားခဲ့မှုနှင့် ရောဂါဖြစ်ပွားနိုင်ချေများသည့် နေရာများဖြစ်သော ကျူးကျော်ရပ်ကွက်များ၊ လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသည့် နေရာများ၊ ရွှေ့ပြောင်းလူအုပ်စုများ နေထိုင်သည့်နေရာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်ကျောင်းများ၊ အခြား ဘာသာရေးကျောင်းများ၊ ပရဟိတဂေဟာ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာ/ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ အကျဉ်းထောင်/အချုပ်ထောင်များ၊ စိတ်ကျန်းမာရေးဆေးရုံ၊ စက်ရုံ၊ အလုပ်ရုံများ၊ စာသင်ကျောင်းများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဈေးများ၊ လမ်းဘေးတွင် အစားအသောက်ရောင်းချသော ဆိုင်တန်းများ၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သော အသက် (၁) နှစ်အထက် ပြည်သူလူထုအား ကာကွယ်ဆေးတစ်ကြိမ်စီ တိုက်ကျွေးသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးရန်လိုအပ်သည့် ပြည်သူများအား တစ်ဦးမကျန် တိုက်ကျွေးနိုင်ရေးအတွက် ယခုကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းတွင် လိုအပ်သည့် နေရာများ တွင် ကူညီဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား နံနက် (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၂) မှ ပြည်သူလူထုအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (OCV) တိုက်ကျွေး၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် ရန်ကင်းမြို့နယ်ရှိ မို့းကောင်းဆုတောင်းပြည့်စေတီဓမ္မာရုံသို့လည်းကောင်း၊ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေကြီးသံဃာ့နာယကရုံး သို့လည်းကောင်း သွားရောက်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီးနှင့် ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ (NITAG) မှ အဖွဲ့ဝင်များ၊ UNICEF WHO IFRC MSF (Switzerland နှင့် Holland) ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးများ၊ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ တက်ရောက်ခဲ့ကြပါသည်။ |