နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့ (၂၀၂၄)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း၊ Theater ခန်းမ၌ ယနေ့မွန်းလွဲ (၁၂:၃၀)နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆီးချိုသွေးချို ရောဂါသည် အရွယ်မတိုင်မီသေဆုံးမှု(Premature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူ(၁ဝ)ဦးလျှင် (၁)ဦးခန့်တွင် ဆီးချိုသွေးချို ဖြစ်ပွား နေကြောင်းနှင့် နောင်လာမည့် ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာမှာဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF)၏ အချက်အလက်များ အရသိရှိရကြောင်း၊ ဆီးချိုဝေဒနာရှင်များ၏ (၉၀)ရာခိုင်နှုန်းကျော်သည် အမျိုးအစား(၂) ဆီးချိုရောဂါကို ခံစားနေရပြီး ရောဂါရှိနေသူ တစ်ဝက်လောက်သည် ရောဂါရှိကြောင်းကို မသိကြ ကြောင်း၊ ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သည့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများ ပျက်စီးခြင်းကြောင့် ခြေလက်ထုံနာကျင်နာဖြစ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ အရွယ်မတိုင်ခင် သေဆုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်းတို့ကြောင့် ဝေဒနာရှင်များနှင့် မိသားစုတို့သည် လူမှုစီးပွားဒုက္ခများ ခံစားကြရပြီး နိုင်ငံတော်အနေဖြင့်လည်း ကုန်ထုတ်စွမ်းအားစုကျဆင်းသည့်အပြင် ရောဂါကုသရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဖြည့်တင်းရသည့်အတွက် တိုင်းပြည်ဝင်ငွေများ ဆုံးရှုံးရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါများကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်း ရေးနေ့တွင်လည်း အထိမ်းအမှတ်အခမ်းအနားနှင့် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Empowering Global Health” ဖြစ်ပြီး “အားလုံး သက်ရှည်ကျန်းမာဖို့၊ ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းလို့၊ ပူးပေါင်း လက်တွဲဆောင်ရွက်စို့”ဟု မြန်မာဘာသာ ပြန်ဆိုထားပြီး ဆီးချို သွေးချိုရောဂါအန္တရာယ်ကို တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ကျန်းမာရေးပြဿနာအဖြစ် အလေးထားပြီး ရောဂါကာကွယ်ကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းဆိုင်ရာ အခြေခံအရေးကြီး သည့်အချက်များကို ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူလူထုအား အသိပညာပေးရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆေးပညာရှင်များနှင့် ပြည်သူလူထုစုပေါင်းအားဖြင့် ပိုမို တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချိုသွေးချိုရောဂါ မဖြစ်စေရန်အတွက် ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းမှ မိမိတို့၏ အပြုအမူ၊ အနေအထိုင်များကို ကျန်းမာရေးနှင့်ညီညွတ်အောင် ပြောင်းလဲနေထိုင်ရမှာဖြစ်ကြောင်း၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသည့် အစာများ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုနှင့် အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ခြင်း၊ သင့်တင့်သော ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် ပြုမူနေထိုင်ခြင်းတို့ဖြင့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ကြောင်း၊ အသက်(၄၅)နှစ်ကျော်လာလျှင် လူတိုင်း ဆီးချို ဖြစ်နိုင်ခြေများလာပြီး ကနဦးဆီးချိုရှိခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ဆီးချိုမျိုးရိုးရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချို ရှိဖူးခြင်း၊ အသည်းအဆီဖုံး ရောဂါရှိခြင်းတို့သည် ဆီးချိုရောဂါဖြစ်လာတော့မည့် အဓိကရှေ့ပြေးလက္ခဏာများဖြစ်သဖြင့် ရောဂါရှိ/ မရှိ ပုံမှန်စစ်ဆေးပြီး ရောဂါတွေ့ရှိပါက အချိန်မီ ကုသမှုခံယူခြင်းဖြင့် အရွယ်မတိုင်ခင် သေဆုံးမှုကို များစွာလျော့ကျစေမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသမှ ပြည်သူများ ဆီးချိုသွေးချို ရောဂါဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်း မီစေရေးအတွက် ကျေးလက်ကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချို နှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေး ကုသပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ်သောအခြေခံဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လက်ရှိတွင် ဆေးခန်း(၇,၅၁၆)ခု ဖွင့်လှစ်ထားရှိကြောင်း၊ ဆီးချိုသွေးချို ရောဂါဝေဒနာ ရှင် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိစေပြီး နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားရခြင်းမှ ကာကွယ်နိုင်ရန်နှင့် ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိ ပညာများ မြင့်မားစေရန်အတွက် ဆီးချိုသွေးချိုပညာပေးကုသဌာန(Center of Excellence for Diabetes)များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီး(၄)ခုနှင့် မကွေးပြည်သူ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းပြောကြားပါသည်။ ယင်းနောက် (၂၀၂၄)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ဗွီဒီယိုပြသပြီးနောက် ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လှည် ကြည့်ရှုခဲ့သည်။ အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံဟော်မုန်းရောဂါအထူးကုဆေးပညာရှင်အဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အစီအစဉ်တစ်ရပ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဆီးချိုသွေးချိုဝေဒနာရှင် ဝန်ထမ်း များအား ကျန်းမာရေးစစ်ဆေးပေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်၁၀၀၀)ရှိ ဆီးချို သွေးချိုပညာပေးကုသဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ |