ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့် ဆွေးနွေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၃၀

 ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာစခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ (Psychosocial support and counseling) ကို ဆရာဝန်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှု ဆက်ဆံရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ယာယီရွှေ့ပြောင်းနေထိုင်ရာစခန်း များတွင် (၃၀.၄.၂၀၂၅)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

 ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဇဗ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိယာယီ တည်းခိုရေးစခန်း၌ အိမ်ထောင်စု (၃၅)စု၊ သုခသိဒ္ဓိယာယီ တည်းခိုရေးစခန်း၌ အိမ်ထောင်စု (၃၀)စု၊ ဝဏ္ဏသိဒ္ဓိယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု (၂၉)စု၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု(၁၅)စု၊ ရန်အောင်မြင်ရွှေလက်လှ ယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု (၁၅)စုနှင့် ပျဉ်းမနားမြို့နယ်၊ တပေါင်းကွင်း ယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု (၃၃)စု၊ စုစုပေါင်း အိမ်ထောင်စု (၁၅၇)စုတို့အား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရေး နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့လိုအပ်သူများကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်စိုး၊  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ)နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။