ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နတ္တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ  ၂၆  ရက်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နတ္တလင်းမြို့ ပြည်သူ့ဆေးရုံ ၏ (၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့  နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တပ်မတော် အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်း ဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က (၂)ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သည် တာဝန်ရှိသူများလိုက်ပါလျက် (၂)ထပ်ကုသဆောင်သစ် မြေညီထပ်တွင်ရှိသည့် ပြင်ပလူနာ ဌာန၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ သွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊ ဆေးသိုလှောင်ခန်း သို့ လည်းကောင်း၊ ပထမထပ်ရှိ ခွဲစိတ်ခန်းများနှင့် သံဃာတော်များအခန်းသို့လည်းကောင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့ပါသည်။
ဆက်လက်၍ (၂)ထပ်ကုသဆောင်သစ်ရှေ့ရှိ ယာယီမဏ္ဍပ်တွင် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နတ္တလင်းမြို့-ပြည်သူ့ဆေးရုံတွင် (၂)ထပ်ကုသဆောင်သစ်ကို (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဂုဏ်ယူဝမ်းမြောက်ရသည့်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက် အောင်မြင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒ ရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ကို အခြေခံကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ ကုသရေးလုပ်ငန်းများ ဟန်ချက် ညီညီ တိုးတက်အောင် ဆက်စပ်သောဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် လက်တွဲကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်စေရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ကလည်း ဆေးရုံများဥပဓိရုပ်ကောင်းမွန်ရေးအပါအဝင် အနီးကပ် ပံ့ပိုးပေးလျက်ရှိပြီး ယခုနတ္တလင်းမြို့ ပြည်သူ့ဆေးရုံအဆောက်အဦကိုလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး၌ ခုတင်(၅၀၀) ဆံ့ ဆေးရုံကြီး (၂)ရုံ၊ ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီး (၁)ရုံ ဖွင့်လှစ်ထားရှိပြီး အထူးကုဘာသာရပ် များစုံလင်စွာ ဖွင့်လှစ်ကုသမှုပေးလျက်ရှိပါကြောင်း၊ ဓာတ်မှန်ရိုက်ခြင်းများ၊ ဓာတ်ခွဲစစ်ဆေးခြင်းများ ကို မြို့နယ်ဆေးရုံများသာမက တိုက်နယ်ဆေးရုံများအထိ ပိုမို တိုးတက်စွာ ဆောင်ရွက်လျက်ရှိပြီး လူနာများဆေးကုသမှုကုန်ကျစရိတ် လျော့နည်းစေရေးအတွက်  ရန်ပုံငွေများ ခွဲဝေချထားပေးခြင်း တို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်နေလူထုက ပိုမို များပြား၍ ကုသရေးလုပ်ငန်းများတွင်လည်း မြို့နယ်နှင့် တိုက်နယ်ဆေးရုံများသည် ပြည်သူများ ရှေးဦးစွာ လာရောက်ကုသမှု ဆောင်ရွက်သည့် အနီးဆုံးနေရာများတွင် တည်ရှိသောကြောင့်  မြန်မာနိုင်ငံ၏ လူဦးရေအများအပြားကို လွှမ်းခြုံ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုကဲ့သို့ အရည်အသွေး ကောင်းမွန် ကျယ်ဝန်းသည့် (၂)ထပ်ကုသဆောင်သစ်ကို ဖွင့်လှစ်နိုင်ခြင်းကြောင့် နတ်တလင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုသာမက အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ လူနာများပါ စိတ်ချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ကြမှာဖြစ်ပါကြောင်း၊ ယခု အဆောက်အဦသစ် အောင်မြင်စွာ တည်ဆောက်ပြီးစီးစေရေး ပံ့ပိုးကူညီခဲ့ကြသည့် တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခုအဆောက်အဦကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိန်းစောင့်ရှောက်ကြရန်၊ ပြည်သူများ၏  ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ‌ပြောကြားခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က (၂)ထပ်ကုသဆောင်သစ် ဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာ သီဟက ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို နေရာအရောက်ပေးအပ်ခဲ့ပါသည်။
နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂)ထပ် ကုသဆောင်သစ်သည် (၂၃၀ ပေ၊ ၅၀ ပေ) အကျယ်အဝန်းရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁)အား လုပ်ငန်းအပ်နှံ ကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လတွင် လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုး ကျပ်သန်း (၁၈၂၉.၉၇)သန်း ကုန်ကျခဲ့ပြီး မြေညီထပ်တွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ဆေးမှတ်တမ်းအခန်း၊ ဆေးပေးခန်း၊ သွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊  ပထမထပ်တွင် ခွဲစိတ်ခန်း (၃)ခန်း၊ သံဃာတော်များ အခန်းနှင့် အထူးခန်း (၄)ခန်း ပါဝင်ကြောင်း သတင်းရရှိပါသည်။