ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း Samaritan’s Purse International Relief ဆေးအဖွဲ့အားဂုဏ်ပြုနှုတ်ဆက်ပွဲနှင့်အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေလ ၇ ရက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အမေရိကန်အခြေစိုက် Samaritan’s Purse International Relief ဆေးအဖွဲ့အား  ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ကိုယ်စား တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုူံးခဲ့ရပြီး ဆေးရုံ ဆေးခန်းပေါင်း (၃၅၀) ကျော်ပျက်စီးခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ဖိတ်ခေါ်ခဲ့ရာ နိုင်ငံပေါင်း (၁၇) နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့ (၂၈) ဖွဲ့လာရောက်ကူညီပေးခဲ့ပြီး Samaritan’s Purse International Relief လည်း အပါအဝင်ဖြစ်ပါကြောင်း၊ Samaritan’s Purse ဆေးအဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေးဝန်ကြီးဌာနတိုနှင့် ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရွှေကြာပင်အားကစားကွင်း၌ ဧပြီလ (၅) ရက်နေ့မှစတင်၍ ယာယီဆေးရုံဖွင့်လှစ်ကာ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပြင်ပလူနာအပါအဝင် လူနာစုစုပေါင်း (၅၀၀၀) ကျော်အား အရေးပေါ်ခွဲစိတ်ကုသခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၅၀၀၀) အတွက် ဆိုလာမီးများ၊ ရေသန့်စက်များ၊ အိမ်ထောင်စုသုံးပစ္စည်းများ အစရှိသည်တို့အား ထောက်ပံ့ပေးခဲ့ပါကြောင်း၊ Samaritan’s Purse အဖွဲ့သည် (၂၀၁၅) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများရှိပါကြောင်း၊  Samaritan’s Purse အဖွဲ့သည် ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးကုမှုဆေးရုံအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ငလျင်ဒဏ်သင့် ဒေသများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့သလို ပုံမှန်ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ ဒဏ်ရာရလူနာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း လစ်ဟင်းမှုမရှိအောင် အဖက်ဖက်မှ ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ ကူးစက်ရောဂါ ဖြစ်ပွားမှုများမရှိစေရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Samaritan’s Purse International Relief အဖွဲ့မှ အဖွဲ့ခေါင်းဆောင် မစ္စတာဂျွန်မေလ်တန် နှင့် ဆေးရုံအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာပီတာဟော့ဇ်တိုမှ  Samaritan’s Purse ဆေးအဖွဲ့၏ မြန်မာနိုင်ငံတွင် ငလျင်တုံ့ပြန်ရေး အရေးပေါ်ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အရေးပေါ်‌ဆေးရုံလွှဲပြောင်းပေးအပ်မည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင် ၎င်းတို့အဖွဲ့၏ အရေးပေါ်ဆေးကုသမှုလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး ကူညီဆောင်ရွက်ပေးခဲ့သည့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား လည်းကောင်း၊ ပူးပေါင်းဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့၏ ဆေးကုသမှုလုပ်ငန်းဆိုင်ရာ အရည်အသွေးနှင့် ကျွမ်းကျင်မှုများကိုလည်း အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံပြည်သူများအနေဖြင့် လျင်မြန်စွာ ပြန်လည် ထူထောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် Samaritan’s Purse International Relief ဆေးအဖွဲ့မှ ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးရုံအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား ဂုဏ်ပြုမှတ်တမ်းတင်လွှာနှင့် အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှကိုယ်စားလှယ်များ၊ Samaritan’s Purse ဆေးအဖွဲ့သားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

Samaritan’s Purse International Relief အဖွဲ့အနေဖြင့် ဧပြီလ (၅) ရက်နေ့မှ မေလ (၆) ရက်နေ့အတွင်း ဇဗ္ဗူသီရိ့နယ်၊ ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးကုသမှုဆေးရုံတွင် ခွဲစိတ်ကုသမှုပေါင်း (၃၀၃) ခု၊ လူနာပေါင်း (၅၈၁၃) ဦးအား ကုသမှုပေးခဲ့ပြီး ယခုလှူဒါန်း လွှဲပြောင်းပေးခဲ့သော အရေးပေါ်ဆေးရုံတွင် အရေးပေါ်ဆေးကုသဆောင်၊ လူနာဆောင်များ၊  အရေးပေါ်ခွဲစိတ်ခန်းများ၊ ဆေးပေးခန်း၊ ဓါတ်ခွဲခန်း၊ ရေသန့်စင်စနစ်များပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၁.၅)သန်းခန့် တန်ဖိုးရှိကြောင်း သိရှိရပါသည်။