မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ မေလ (၁၃) ရက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် (၁၃-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ Semi-virtual စနစ်ဖြင့် ကျင်းပခဲ့သည့် “မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လူ့စွမ်းအားအရင်း အမြစ်များအပါအဝင် အရင်းအမြစ်များကို စနစ်တကျထိရောက်စွာအသုံးပြုခဲ့ပြီး တပ်မတော်ဆေးတပ်ဖွဲ့များ၊ နိုင်ငံတကာအရေးပေါ် ဆေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ လာရောက်ကုသမှုခံယူသည့် လူနာများတွင် မြေငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာအပါအဝင် မြေငလျင်နှင့်ဆက်စပ်သည့် လူနာအရေအတွက်သည် တဖြည်းဖြည်းနည်းပါးလာပြီး ကူးစက်ရောဂါကပ်အသွင် ဖြစ်ပွားမှုလည်းမရှိပါကြောင်း၊ မကြာမီတွင် မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ငလျင်ကြီးကြောင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများ ဖြစ်ပွားလာပါက ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းအဝဝကို စောစီးစွာ ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားမှုအား စောစီးစွာသိရှိကာ ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများ၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ၊ ခြင်လောက်လမ်းနှိမ်နင်းခြင်း လုပ်ငန်းများ၊ ယာယီစခန်း စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရောဂါဖြစ်ပွားမှုရှိပါက ထိရောက်စွာကုသမှုပေးရေးနှင့် ဆေးနှင့်ဆေးပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲမှုများကို ဆက်လက်အားဖြည့်ကာ အလေးပေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်နှင့် အရေးပေါ်အခြေအနေများတွင် အသုံးပြုရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိခြင်းနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်၍ သဏ္ဍာန်တူ လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ထားရှိစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် အကြံပြုတင်ပြချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြမှုများဆောင်ရွက်ခဲ့ကြပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။