![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
နေပြည်တော်၊ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Center ၌ ကျင်းပပြုလုပ်သော (Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖွဲ့စည်းပုံအရ (Urban Health Center-UHC)ဒေသန္တရကျန်းမာရေးဌာနများကို မြို့ပေါ်၌ဖွင့်လှစ်ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့်နိုင်ရန်အတွက် ယခုအခါ အဆိုပါ UHC များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်သူအများစုမှာ ကျေးလက်ဒေသနှင့် ဆင်ခြေဖုံးများ၌ နေထိုင်ကြ၏သည်ဖြစ်ရာ ဒေသန္တရ ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ခြင်းဖြင့် ပြည်သူ့ဆေးရုံကြီးများ၌ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများအပြင် သာမန်နာမကျန်းဖြစ်မှုများနှင့် နာတာရှည်မကူးစက်နိုင်သောရောဂါများ အခြေခံကျန်းမာရေးစစ်ဆေးမှု၊ ဆေးဝါးထောက်ပံ့မှုတို့ကို ဒေသန္တရ ကျန်းမာရေးဌာနများ၌ ပိုမိုအဆင်ပြေလွယ်ကူစွာဖြင့် ကုသမှုခံယူနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးများသို့ စနစ်တကျ လွှဲပြောင်းပေးပို့မှုစနစ်ကိုလည်း တစ်ပါတည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရာတွင် ရေရှည်အတွက် ရည်ရွယ်၍ ကနဦး ဦးစားပေးမြို့နယ်အချို့တွင် အကောင်အထည်ဖော်ကာ တိုးချဲ့ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများ ကုသရေးအတွက် ဆေးဝါးများ ထောက်ပံ့ထားရှိရာ အဆိုပါဆေးဝါးများကို ဒေသန္တရကျန်းမာရေးဌာနများ၌ လက်လှမ်းမီရယူနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပြည်သူလူထု စိုက်ထုတ်ကုန်ကျငွေ လျော့နည်းစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိခြင်းနှင့် နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများအား ပြည်သူလူထု တိုက်ရိုက်ခံစားရရှိစေရေး အလေးပေး ဆောင်ရွက်နေခြင်းတို့ကို ကျန်းမာရေး ဝန်ထမ်းများအားလုံး သိရှိနားလည်ပြီး အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ ကျန်ဝန်ထမ်းများ ကိုလည်း နားလည်သိရှိအောင် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းထားရှိမှုအပေါ် ပြည်သူများရရှိခံစားနိုင်ရေးနှင့် မလိုလားအပ်သော ဆုံးရှုးမှုများ မရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ကြစေလိုပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဆေးထိုးသင့်သည့် အသက်အရွယ်အားလုံး ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ တို့က ဒေသန္တရကျန်းမာရေးဌာနများ လုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားကြပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက စတင်ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေးဌာန (၁၂)ခုတို့၏အခြေအနေနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့် ဒေသန္တာရကျန်းမာရေးဌာနများ ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ |